မြောက်ဥက္ကလာပ သြဂုတ် ၄
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် ဟောပြောရာတွင် မူးယစ်ဆေးဝါးစတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှုများအကြောင်း စသည်တို့ကို ဟောပြောခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့်ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်းနှင့် အ.ထ.က(၃)ကျောင်းမှ အလယ်တန်းပြဆရာမဒေါ်မြစန္ဒာက လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးလုပ်သား အသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)