မိုးကောင်း ဩဂုတ် ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ခေတ်မီစံပြ ကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်သင်တန်းကို မိုးကောင်းမြို့နယ် နန့်လှိုင်စံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ ဩဂုတ်(၂)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းက အဖွင့်အမှာစကား ပြောကြား၍ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားပြီး အပ်ချုပ်စက်သင်တန်းသူများအား သင်ထောက်ကူပစ္စည်းပေးအပ်ခဲ့သည်။
ခေတ်မီစံပြကျေးရွာရှိကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပေးခြင်းဖြင့် ဝင်ငွေတိုးပွားစေရေး ရည်ရွယ်ချက်ဖြင့် အခြေခံစက်ချုပ်(၁)လနှင့် မွမ်းမံစက်ချုပ်(၁၅)ရက်ဖြင့် သင်တန်းသူ(၁၃)ဦးအား ရင်စေ့၊ ရင်ဖုံး၊ နောက်ခွဲ၊ ကလေးသင်္ဘောသား၊ ကလေးဂါဝန်၊ ၃လွှာ စကတ်၊ ၄လွှာစကတ်၊ ချိတ်စကတ်နှင့် ဘောင်းဘီရှည်ချုပ်နည်းအမျိုးမျိုးတို့ကို ပို့ချသင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)