ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး

ပူတာအို ဂုတ် ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် ထင်ပေါ်ကျော်ကြား သောခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွာများနှစ်စဉ်များပြားစွာ လာရောက် လည်ပတ်လျက်ရှိ သောဒေသတစ်ခုဖြစ်ရာ ယခုနှစ်ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ဂုတ်(၃)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် မဂျော့ဝါကျေးရွာရှိ ဟိုတယ် (မဂျော့ဝါ)ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အဆင့်ခရိးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ပူတာအိုဒေသသည် သဘာဝကိုအခြေခံပြီး ခရီးသွားဒေသတစ်ခုဖြစ်ပေါ်လာစေရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေခဲတောင်ခြေဒေသရှိ ဒေသခံပြည်သူများအား ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ ခရီးသွားဧည့်သည်များ စနစ်တကျတည်းခိုနေထိုင်နိုင် ရေးဆောင်ရွက်ရန်လို အပ်ကြောင်းနှင့် ပြည်ပခရီးသွားဧည့်သည်များအတွက် ကန့်သတ်နယ်မြေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဦးတူးခေါင်က ခရီးသွား လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးက ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် ပူတာအိုဒေသကို ခရီးသွားမြို့တော် ဖြစ်လာစေရေးနှင့် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားလာအောင် ဒေသထွက် ကျောက်လုံးများဖြင့် ခြံစည်းရိုးများကို စနစ်တကျ ကာရံရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ယခုအစည်းအဝေးသည် ပွင့်လင်းရာသီခရီးသွားလုပ်ငန်း အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်းပြောကြားပြီး တက်ရောက်လာသည့် ခရိုင်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ကန့်သတ်နယ်မြေဖြေလျော့ပေးရေး၊ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း ကြားစခန်းဖြစ်သည့် သစ်ပင်ကြီးစခန်း၊ ခမ်းတောက်မြစ်စခန်း၊ ရေခဲတောင်စပ် တောင်ခြေစခန်းစသည့် စခန်းသုံးနေရာတွင် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်ရေး အဆင်ပြေစေရေးနှင့် ပူတာအိုဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်အတွင်း ခရီးသွားနိုင်ငံခြားသားများ ဝင်ရောက်မှုစာရင်းများအရ ၂၀၁၇-ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉-ခုနှစ် နိုဝင်ဘာလအထိ ပူတာအိုဒေသသို့ ကမ္ဘာ့နိုင်ငံပေါင်း(၄၈)နိုင်ငံမှ ခရီးသွားဧည့်သည်(၁၀၃၉)ဦး လာရောက်လည်ပတ်ခဲ့ပြီး  အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ အများဆုံးလာရောက်လည်ပတ်ခဲ့ ကြောင်းသိရသည်။ ၂၀၂၀-ပြည့်နှစ်မှ စ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားများ ဝင်ရောက်မှုနည်းပါးခဲ့ပြီး ယခုနှစ်မှစတင်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ခရိုင်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)