တောင်သာ သြဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် Covid-19 ကပ်ရောဂါကာလ လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးပြန်လည် ကုစားနိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာများအနက် သာယာမြိုင်ကျေးရွာနှင့် အေးချမ်းသာကျေးရွာတို့၌ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အကြောင်းအရာများ၊ ချေးငွေဖြင့်အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်အတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာကော်မတီအသီးသီးထံ ရန်ပုံငွေများ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ သာယာမြိုင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၀ ဦးကို ချေးငွေ သိန်း ၁၈၀၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၄၀ ဦးကို ချေးငွေသိန်း ၈၀၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၈၂ ဦးကို ချေးငွေ ၈၂ သိန်း၊ စုစုပေါင်း ၃၂၂ သိန်းကိုလည်းကောင်း၊ အေးချမ်းသာကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၇ ဦးကို ၈၁ သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၆၇ ဦးကို ၁၈၁ သိန်း၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦးကို ချေးငွေ ၃၈ သိန်း၊ စုစုပေါင်းချေးငွေ သိန်း ၃၀၀ ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် ကော်မတီအဖွဲ့က အသင်းသားများထံ ချေးငွေထုတ်ချေးပေးနေမှုအား စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)