သထုံ ဩဂုတ် ၄
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖြိုးမို့အောင်က နှစ်ဆယ့်တစ်ရာစု၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုပြဿနာနှင့် ပလတ်စတစ်သုံးစွဲစွန့်ပစ်မှု၊ ယနေ့ကာလ၌ ပလတ်စတစ် တွင်တွင်ကျယ်ကျယ်အသုံးပြုမှုများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းတို့၏ ခြိမ်းခြောက်နေမှုများ၊ ပလပ်စတစ်ကြောင့် ဖြစ်ပေါ်နေသည့် မြေထုရေထုလေထုညစ်ညမ်းမှုများ၊ လူသားတို့အပါအဝင် သက်ရှိအားလုံးတို့အတွက် ပလတ်စတစ်ကြောင့် ခံစားနေကြရသည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများစသည့် ပလတ်စတစ်အန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်