ဆီဆိုင် ဩဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးသည်။
ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)- ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့်ကာကွယ် ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခြင်းနှင့် ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)