လားရှိုးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နေ့စဉ် Zumba အက လာရောက်လေ့ကျင့်သူများဖြင့် စည်ကား

လားရှိုး ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အားကစားခန်းမနှင့် လေဟာပြင်အားကစားလေ့ကျင့်သည့်နေရာတွင် နေ့စဉ် Zumba အက လာရောက်လေ့ကျင့်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

Zumba အကလေ့ကျင့်ခြင်းကို   ZYL Zumba Teams မှ ဆရာဇေယျာလင်းက ဦးဆောင်၍ လေ့ကျင့် သင်ကြားပေးလျက်ရှိနေပြီး တစ်ရက်လျှင် Zumba အက လာရောက်လေ့ကျင့်ကြသူ ၅၀ ဦးခန့်ထိ ရှိကြောင်း သိရသည်။

“Zumba အက လာရောက်ပြီး လေ့ကျင့်ကြတဲ့ သူဦးရေ တစ်ရက်ကို ပျမ်းမျှ ငါးဆယ်ဦးလောက် တော့ရှိတော့ လာရောက်လေ့ကျင့်သူတွေရဲ့ အားလပ်ချိန် အဆင်ပြေစေဖို့အတွက် တစ်ရက်ကို နှစ်ချိန် သင်ကြားပေးပါတယ်။ ညနေလေးနာရီကနေ ငါးနာရီတစ်ချိန်၊ ငါးနာရီကနေ ခြောက်နာရီထိတစ်ချိန် သင်ကြားလေ့ကျင့်ပေးနေပါတယ်” ဟု လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre  မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Zumba အက ကခြင်းအားဖြင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ပျော်ရွှင်စရာကောင်းခြင်း၊ ကြွက်သားများ သန်မာလာစေခြင်း၊ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ခြင်း၊ Zumba အကသည် အသက် ကြီး/ ငယ်မရွေး ဆော့ကစားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများအပြင် အသင်းအဖွဲ့စိတ်ဓါတ်များရှိလာခြင်း၊ လူမှုဆက်ဆံရေးစွမ်းရည်ကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း သိရသည်။

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ကလေးများ ဉာဏ်ရည်ဉာဏ်သွေးနှင့် ကိုယ်ခန္ဓာသန်စွမ်းစေရန်အတွက် ပြိုင်ပွဲများပြုလုပ်ခြင်း၊ ကွန်ပျူတာသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ဘာသာစကားသင်တန်းများဖွင့်လှစ်ပေးခြင်း၊ Zumba အကများ သင်ကြားပေးခြင်းများအပြင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ Talk Show များ ရိုက်ကူးထုတ်လွှင့်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)