မြစ်ကြီးနား သြဂုတ် ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၂ နာရီခွဲက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက် ဗလမင်းထင်စံပြ စိုက်ကွက် ဧက ၁၀၀ တင်း ၁၀၀ စိုက်ကွင်းအတွင်း မန်ခိန်ကွင်းနှင့် တပ်ကုန်းကွင်းတို့တွင် အထွက်တိုး ဆင်းဧကရီ-၃ မိုးစပါး စိုက်ပျိုးနေမှု အခြေအနေများ၊ စိုက်ပျိုးပြီးစီးသည့် လယ်ဧကများအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါ စံပြစိုက်ကွက်အတွင်း မိုးစပါးအပြင် သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေ လုံလောက်ဖူလုံမှုရှိစေရေး ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အင်ဂျန်းခချောင်း ပြန်လည်တူးဖော်ပေး ထားခြင်းနှင့် ဆိုလာစနစ် စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးထားမှုအပေါ် တောင်သူကိုယ်တိုင် စိုက်ပျိုးရေအသုံးချမှု စီမံခန့်ခွဲနိုင်ရေး အတွက် ပညာပေး စည်းရုံးဆောင်ရွက်နိုင်ရေး၊ လယ်မြေကျူးကျော်မှုများအား ဥပဒေအရ အရေးယူနိုင်ရေး၊ သီးထပ်သီးနှံများအတွက် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး၊ ဒေသခံတောင်သူများ ဝင်ငွေတိုးပွားရေး အင်ဂျန်းခချောင်းအတွင်း ငါးသားပေါက် ၂ သိန်း စိုက်ထည့်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်းရှိ ပြည်နယ်ရန်ပုံငွေဖြင့် ဖော်ထုတ်ပေးခဲ့သော စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ စိုက်ကွင်း အတွင်း ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် မုတ်လွှဲကွင်းအတွင်း မှော်ဘီ(၂) စီးပွားဖြစ်မျိုးစေ့မျိုး ထုတ်လုပ်ခြင်း စံပြကွက် စိုက်ပျိုး ဆောင်ရွက်ထားရှိမှုနှင့် ယင်းစိုက်ကွင်းရှိ လယ်ဧကများအားလုံး စိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေ များကို လည်းကောင်း၊ သာဂရကျေးရွာ၊ ကွင်းအမှတ် (၃၉) သာဂရတောင်ကွင်း အတွင်း ဧရာမင်း စီးပွားဖြစ် မျိုးသန့်မျိုးစပါး စံပြကွက် စိုက်ပျိုးထားရှိမှုနှင့် လယ်ဧကများအတွင်း မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ခေါရှိကျေးရွာ၊ ကွင်းအမှတ်(၄၉) နောင်စီပေါ အနောက်ကွင်း အတွင်း ဆင်းဧကရီ - ၃ မျိုးစပါးစိုက်ပျိုးနေမှုနှင့် စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းဆွေးနွေးကာ စိုက်ကွင်းများအားလုံး မိုးစပါးအပြီး သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကျွဲ/နွားအန္တရာယ်ကာကွယ်ရေးအတွက် ခြံဝင်းများ ကာရံပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်