မက်မန်းမြို့နယ်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ သင်ထောက်ကူပြု ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံများအား ထပ်ဆင့်လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မက်မန်း ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၏ ထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်ဖြင့် မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား သင်ထောက်ကူပြုကျောင်းသုံး စာအုပ်၊ ဘောပင်၊ ခဲတံများအား ထပ်ဆင့်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးညီနပ်ထောက်ပံ့ပေးမှုဖြင့် မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သင်ထောက်ကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက သင်ထောက်ကူပစ္စည်းများအား ဆက်လက်ဖြန့်ဝေပေးသွားမည့် အစီအစဉ်၊ ပညာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ ပေးပို့ရမည့် နည်းလမ်း များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်သော သင်ထောက်ကူပြုပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်သောင်းနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆက်လက်ထပ်ဆင့် လွှဲပြောင်း ပေးအပ်ခဲ့ရာ မက်မန်းမြို့နယ် ပညာရေးမှူး ဦးခင်မောင်ကျော်နှင့် မက်မန်းမြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းပတ်သက်၍ မက်မန်းမြို့နယ် ပညာရေးမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ သင်ထောက်ကူပြုပစ္စည်းများမှာ ဗလာစာအုပ် (၅၀၀)ဒါဇင်၊ ဘောပင်(၁၆၀၀)ချောင်း၊ ခဲတံ (၄၀၀)ဒါဇင်၊ ခဲဖျက်(၄၀၀)ခု၊ ခဲချွန် စက်(၄၀၀)ခုနှင့် ပေတံ(၁၂၀၀)ချောင်းအား ထပ်ဆင့်လွှဲပြောင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)