မူဆယ် ဩဂုတ် ၃
တရုတ်နိုင်ငံဒေသထွက် မက်မွန်သီးများသည် နယ်စပ်သစ်သီးအရောင်းဒိုင်များမှတဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် ညဈေးနှင့်သစ်သီး အရောင်းဆိုင်များ၌ ရောင်းအားကောင်းလျက်ရှိပါသည်။
မူဆယ်မြို့၊ ညဈေး၊သစ်သီးအရောင်းဆိုင်များနှင့် ပျံကျသစ်သီးဈေးသည်များတွင် ရောင်းချနေ သော မက်မွန်သီးများသည် တရုတ်နိုင်ငံ ဒေသထွက်မက်မွန်သီးများ ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ တဆင့် မြန်မာပြည်အတွင်းသို့ ဝင်ရောက်လာကာ နယ်စပ်သစ်သီးအရောင်းဒိုင်များမှ မြန်မာပြည် အနယ်နယ် အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်မြောက်ပိုင်းတို့တွင် ရာသီဉတုအခြေအနေအရ စတင် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် တရုတ်နိုင်ငံဒေသထွက် မက်မွန်သီး (စပ်မျိုး) ကဲ့သို့ပင် မြန်မာပြည်တွင်း ရှမ်းပြည်နယ်ထွက် ရိုးရိုးမက်မွန်သီးများကိုလည်း မူဆယ်မြို့ သစ်သီး အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိပါသည်။ မူဆယ်မြို့ သစ်သီးဈေးကွက်တွင် တရုတ်နိုင်ငံ ဒေသထွက် မက်မွန်သီး(စပ်မျိုး) တစ်ပိဿလျှင် မြန်မာကျပ်ငွေ(၈၀၀၀) ကျပ်မှ (၁၀၀၀၀)ကျပ်အထိ အလုံးအကြီးအသေးအရွယ်အစားအလိုက် ရောင်းချလျက်ရှိကြောင်း သိရသည်။
“တရုတ်နိုင်ငံဒေသထွက် မက်မွန်သီးတွေကို နယ်စပ်အရောင်းဒိုင်တွေဆီကနေတဆင့် ပြန်ဝယ်ပြီး ရောင်းတယ်။ဒီမက်မွန်သီးက စပ်မျိုးဖြစ်တဲ့အတွက် အလုံးလည်း ပိုကြီးသလို အရသာလည်း ပိုရှိတယ် ပိုချို တယ်။ ပိဿာလိုက်လည်း ရောင်းတယ် ဈေးဝယ် အဆင်ပြေသလောက်လည်း ရောင်းပေးတယ်။ မူဆယ်မြို့ ကနေ မြန်မာပြည်အလယ်ပိုင်းတွေ လက်ကားဈေးနဲ့ တင်ပို့ရောင်းတယ်။ အညာဒေသမှာ တော့ တစ်လုံးကို မြန်မာငွေ(၁၅၀၀)ကျပ် ရောင်းရတယ်ပြောတယ်”လို့ မူဆယ်မြို့၊နာရီစင်အနီးရှိ သစ်သီးအရောင်းဈေးသည် တစ်ဦး၏ပြောကြားချက်အရ သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)