ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ချီဖွေ ဩဂုတ် ၃

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲ အခမ်းအနားကို ဩဂုတ်(၁)ရက်နေ့ နံနက် ၁၀ နာရီက ချီဖွေမြို့နယ် တောင်တန်းသာသနာပြု‌ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခိုင်စိုး၊ အမှတ်(၁၀၅)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး‌ဝေဖြိုးအောင်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးချစ်စမ်းအောင်နှင့်ဇနီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး‌ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ တောင်တန်းသာသနာပြုကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တပညာသေဌထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။ 

ယင်းနောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခိုင်စိုး၊ အမှတ်(၁၀၅)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး‌ဝေဖြိုးအောင်၊ မြို့နယ် အုပ်ချုပ်‌ရေးမှူးနှင့် ဇနီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ရပ်ဖများက ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် ဆရာတော်ဘုရားမှ အလှူမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ  ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပြီးနောက်  ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)