မြစ်သား ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ တမာပင်ကျေးရွာအုပ်စု တမာပင်ကျေးရွာအနီး ကြည်ပြာဥစားကြက် မွေးမြူရေးခြံလုပ်ငန်း၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့များက လေ့လာကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရှေးဦးစွာ ကြည်ပြာဥစားကြက်မွေးမြူရေးခြံပိုင်ရှင်မှ ကြက်မွေးမြူရေးကောင်ရေ (၁၂၀၀၀၀)ကောင် မွေးမြူထားကြောင်းနှင့် မွေးမြူရေးလုပ်ငန်းစဥ်များအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဒေသအတွင်း စားသောက်ကုန် ဖူလုံနိုင်ရေး၊ ပြည်ပ သွင်းကုန်လျော့ချနိုင်ရေး၊ ပြည်တွင်းဖူလုံစွာ ထုတ်လုပ်နိုင်သည့်အပြင်၊ ပြည်ပသို့ တင်သွင်း၍ နိုင်ငံခြားဝင်ငွေများ ရရှိရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့များက ကြည်ပြာဥစားကြက်မွေးမြူရေးခြံအတွင်းသို့ လိုက်လံလေ့လာ ကြည့်ရှုစစ်ဆေးခဲ့သည်။ဆက်လက်၍ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက် အ.ထ.က(မြစ်သား)ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ကာ မြို့နယ်ပညာရေးမှူး၊ အထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ၊ ကျောင်းသား / ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး စာသင်ခန်း၌ စာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)