နောင်ချိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

နောင်ချို ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားမလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်ဘဲ စာအုပ်စာစောင်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးရှိ  ဝန်ထမ်းများအား  သုတ/ရသ စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် မြို့နယ်သမဝါယမရုံးမှ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအတွက် သုတ/ရသ စာအုပ်များကို Mobile Library စနစ်ဖြင့် သွားရောက်၍ ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့ငှားရမ်းပေးသော စာအုပ်များအား နောက်အပတ် ကြာသပတေးနေ့တွင် ပြန်လည်သိမ်းဆည်းကာ အသစ်ထပ်မံ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ဌာနဆိုင်ရာအသီးသီးမှ စာပေချစ်မြတ်နိုးသူ ဝန်ထမ်းများနှင့် ရပ်ကွက်များအတွင်းရှိ စာဖတ်ပရိသတ်ပြည်သူများ စာပေနှင့် အဆက်မပြတ်စေရန်၊ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်ရှိရာ ပြည်သူများ လက်ဝယ်အရောက် အပတ်စဉ်တိုင်း သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)