အလုံ အောက်တိုဘာ ၁၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်း နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းသူများနှင့်စျေးဝယ်သူ များ ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ၊ မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ် အတွင်းရှိ အလုံစျေးနှင့် ဆင်မင်းစျေးတို့တွင် အဖွဲ့(၂)ဖွဲ့ခွဲကာ နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်း၊ စျေးဝယ်များအား ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ၊ မရှိစစ်ဆေး ကြပ်မတ် ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် Mask တပ်ဆင်လာခြင်းမရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေကျပ် ၂၀၀စီကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာတိုင်း mask မဖြစ်မနေတပ်ဆင်ရန်နှင့် ခပ်ခွာခွာ(Social Distancing)နှင့်အညီ နေထိုင်ကြရန်သတိ ပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ ပြီး စစ်ဆေးချိန်တွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသူ(၇)ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို(အလုံ)