မိုးနဲမြို့နယ်၌ မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြစိုက်ပျိုး

မိုးနဲ ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို  ယနေ့နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့် ကျေးရွာ၊ ကွင်းအမှတ်(၉၈)၊ ဦးပိုင်အမှတ်(၄၀)ရှိ တောင်သူ ဦးလုံးပေါင်း၏ လယ်မြေသုံးဧက‌နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က တောင်သူများ အနေဖြင့်လည်း  စတင်စိုက်ပျိုးချိန်မှစ၍ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားကြရန်၊ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက်  နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးသွားကြရန်ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနဦးစီးမှူး ဦးဇော်မော်ဦးက   ယခုစိုက်ပျိုးရာသီချိန်တွင် ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကစံသတ်မှတ်ချက် ကောက်ကွက် ၁၂၀၀၀၀  မှ ၁၅၀၀၀၀  ကောက်ကွက်ပြည့်မီရေး လစ်ဟင်းမှုမရှိစေဘဲ ကြပ်မတ်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများ လက်တွေ့ကွင်းသရုပ်ပြ စိုက်ပျိုးဆောင်ရွက်နေမှုကို  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)