မြင်းခြံ ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာထံက သိရသည်။
မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေအဆင်ပြေစေရေး ကျေးလက်ဒေဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း များကို လုပ်ဆောင်လျက်ရှိသည်။ "၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၇၃.၇၇၄ သန်း ဖြင့် မြင်းခြံမြို့နယ် သဲဖြူဝ(ရွာမ)ကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ တေင်သာမြို့နယ် ဗျိုင်းအင်းကျေးရွာတွင် စက်ရေတွင်း၊ ရေစက်ရုံ၊ အုတ်ရေကန်၊ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း နှင့် နွားထိုးကြီးမြို့နယ် သာစည်လေးကျေးရွာတွင် စက်ရေတွင်းတူဖော်ခြင်း (ပါဝါမီတာအပါ)၊ ရေစက်ရုံတည်ဆောက်ခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး လုပ်ငန်းများ (၅၀) ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးကြောင်း" ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာက ပြောသည်။
မြင်းခြံခရိုင် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ (၄) ရွာတွင် စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ရေသန့်စင်စနစ်လုပ်ငန်း ကျေးရွာ(၁) ရွာ၊ အခြားရေရရှိရေးလုပ်ငန်း (၃) ရွာ၊ ကျေးရွာ (၈) ရွာတွင် မြေသားရေကန်ပြုပြင်ခြင်း၊ ကျေးရွာ(၂)ရွာတွင် ကျေးရွာအတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)