လှည်းကူးမြို့နယ်၊ မဲဇလီကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး      သြဂုတ်    ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မဲဇလီကုန်းကျေးရွာတွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ မဲဇလီးကုန်းကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ နေအိမ်များ၌ ခြင်ဆေးဖျန်းခြင်း၊ ရေကန်ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊ ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းကာကွယ်ရေးအဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကိုတစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)