မံစီ ဩဂုတ် ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျောင်းသားလူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဂျော်အောင်းဖုန်က စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်သည့် အကြောင်းအရာနှင့် စာဖတ်သည့်လူမျိုးတိုင်း တိုးတက်သည် တိုးတက်သည့်လူမျိုးတိုင်း စာဖတ်သည်ဆိုသည့် အကြောင်းအရာဖြင့်လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက စာဖတ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများ အကြောင်းအရာဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးစိုးဝင်းသန်းက မိမိဌာန၏ ရှေ့လုပ်ငန်းစဉ်(၁၂)ရပ်များ အကြောင်းကို အကျယ်တဝင့် ကဏ္ဍအလိုက် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
အသိပညာပေး ဟောပြောပွဲသို့ အခြေခံပညာ အထက်တန်းကျောင်း(မံစီ)မှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူးက အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဝေထံ ပေးအပ်လှူဒါန်းပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်နှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်