လယ်ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

လယ်ဝေး သြဂုတ် ၂

ပြည်ထောင်စုနယ်မြေ၊ လယ်​ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက လယ်ဝေးမြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင်လည်းကောင်း၊ ကျေးရွာများမှ ကလေးငယ်များအား ကျေးလက်ကျန်းမာရေးဌာနများတွင်လည်းကောင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော(Rota) ကာကွယ်ဆေးတိုက်ကျွေး​ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)