ကျောက်ဖြူ ဩဂုတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁-၈-၂၀၂၃ ရက်စွဲပါ အမိန့်အမှတ်၊ ၅၄/၂၀၂၃၊ ကြားနာ စစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်းအမိန့်ဖြင့် လွတ်လာသူများကို လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်းတို့က လွတ်မြောက်လာကြသူများကို ဆုံးမဩဝါဒစကားပြောကြားပြီး အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူ အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦးမှ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား စားစရိတ်နှင့် ခရီးစရိတ်များ ထောက်ပံ့ပေး အပ်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများ အား အမှုမှလွှတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ကျောက်ဖြူမြို့နယ်တရာရုံး၌ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) များဖြင့် တရားရုံးနှင့် ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲဖြစ်သည့် ကျောက်ဖြူအကျဉ်းထောင် အချုပ်သား ၉ ဦး၊ အချုပ်သူ ၁ ဦး၊ စုစုပေါင်း ၁၀ ဦးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း