ပြင်ဦးလွင် ဩဂုတ် ၃
သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းသည် ကမ္ဘာမြေကျန်းမာစွာ ကြာရှည်တည်တံ့စေရေးအတွက် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများက တက်ညီလက်ညီပူးပေါင်းကာ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီသစ်ပင် စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မျိုးစေ့မြေဆွေးလုံး/ သစ်စေ့မြေလုံး (Seedballs) များကို မီးပုံးပျံတွင် ချိတ်ဆွဲကာ မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-ကျောက်ဆည် ခရိုင်ချင်းဆက်လမ်း (သံတောင်-ရဲရွာကားလမ်း) မိုင်တိုင်အမှတ် 28KM မှ 33KM တွင် မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်းများနှင့် ဒုတိယအကြိမ် မျိုးစေ့မြေဆွေးလုံး/သစ်စေ့မြေလုံး (Seedballs) များ ချိတ်ဆွဲထားသော မီးပုံးပျံကို မိုင်တိုင်အမှတ် 32KM အနီး လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဥ်တွင် Green Challenge Association အဖွဲ့ဝင်များနှင့်အတူ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟနှင့်ဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးညွန့်ဌေးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးဝင်းဇော်နှင့်အဖွဲ့ဝင်များ၊ GCA အတိုင်ပင်ခံ ဦးကျော်ကျော်လင်းနှင့် အနီးစခန်းလေဆိပ်ဝန်ထမ်း မိသားစုများ၊ သီဟအားမာန်လူငယ်များ၊ ကောင်းကင်ဘော်ဒါဆောင်မှ သားငယ်သမီးငယ်များ၊ သံတောင်ကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့များ၊ မာဃလူငယ်မီးပုံးပျံ အဖွဲ့သားများ၊ ပထမအကြိမ်မီးပုံးပျံအလှူရှင် ကိုအောင်မွန်၊ မမေမွန်သူ မိသားစုနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ စုစုပေါင်းအင်အား (၁၅၀) ဦးကျော် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် မျိုးစေ့ကြဲချစိုက်ပျိုးရာတွင် မီးပုံးပျံမတည်အလှူရှင်အဖြစ် Any Land Co.,Ltd. က လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျန်အလှူရှင်များကလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ မီးပုံးပျံတွင် စိန်ပန်း၊ မန်ကျည်း၊ ရွေးကြီး၊ မျောက်ငိုအစရှိသည့် မျိုးစေ့မြေဆွေးလုံး ၅၀၀၀ လုံး၊ မန်ကျည်းနှင့် ဘောစကိုင်း မျိုးစေ့အလွတ် ၁၀၀၀၀ စေ့ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မန်ကျည်း၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ စွယ်တော်၊ ရွေးကြီး၊ မျောက်ငို၊ ဘောစကိုင်း၊ ကုက္ကိုလ်၊ ထင်းရှူး မျိုးစေ့မြေဆွေးလုံးအရေအတွက် စုစုပေါင်း ၅၀,၀၀၀ လုံးတို့အား လေးခွများဖြင့် ကြဲဖြန့်စိုက်ပျိုးခြင်း၊ မျိုးစေ့အလွတ်အရေအတွက် စုစုပေါင်း ၈၀ ပြည်အား လက်ဖြင့်ကြဲဖြန့်စိုက်ပျိုးခဲ့ကြောင်း Green Challenge Association ၏ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင်၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)