မောက်မယ်မြို့နယ်တွင် သခွါးသီးစိုက်ပျိုးတောင်သူများ စျေးကောင်းရရှိ

မောက်မယ် သြဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက်တွင် တိုင်ထောင်သခွါးသီးစိုက်ပျိုးသည့် တောင်သူမိသားစုဝင်များ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိပြီး စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

မောက်မယ်မြို့နယ်တွင် စိုက်ပျိုးရေးကိုအခြေခံသည့်မြို့ဖြစ်ပြီး နွေမိုးဆောင်းလယ်ယာနှင့် ရာသီသီးနှံဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မိသားစုအတွက် စားသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန် ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြသည်။

သခွါးသီးများကို နမ့်ယွမ်းချောင်းဘေးနှုံးမြေခြံများနှင့် တောင်ယာခြံများတွင် မျိုးစေ့ချပြီး တိုင်ထောင်စနစ်ဖြင့် တစ်ပင်နှင့်တစ်ပင်တစ်တောင်ခြားစိုက်ရပြီး အပင်ကြီးလာသည်နှင့် လေဝင်လေထွက်ကောင်းအောင် ပြုပြင်ပေးရပြီး ရက် ၅၀ ကျော်လျှင် အသီးလှိုင်လှိုင်ထွက်ရှိကာ စတင်ခူးဆွတ်နိုင်ကြောင်း၊ အရင်းအနှီးနည်းနည်းဖြင့် မြန်မြန်ဆွတ်ခူးနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန် တိုးချဲ့စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ မောက်မယ်မြို့နယ် စည်ပင်သာယာစျေး ၅ ရက်တစ်စျေး တွင်သခွါးသီးတစ်လုံးလျင် ကျပ်၅၀၀မှ ၇၀၀ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ဆီဆုံရပ်ကွက်နေ သခွါးသီးစိုက်ပျိုးသည့် တောင်သူတစ်ဦးက ရှင်းပြခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)