သန်လျင် အောက်တိုဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသည် ကုတင်၂၀၀ ဆန့် ဆေးရုံကြီးဖြစ်သည့်အတွက် သန်လျင်၊ကျောက်တန်း၊သုံးခွ၊ခရမ်းနှင့်တံတားမြို့များမှ အခြေခံ ပြည်သူများ အားထားရာ ဆေးရုံကြီးဖြစ်သည်နှင့်အညီ ကုသရေးလုပ်ငန်းများအပြင် ကိုဗစ်-၁၉ ရောဂါ ဖျားနာကုဆေးခန်း သီးခြားဖွင့်လှစ်၍ စစ်ဆေးပေးခြင်း၊ အတည်ပြု ပိုးတွေ့လူနာများ အတွက် သီးခြားအဆောင်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယမန်နေ့နံနက်က သန်လျင်အထွေထွေရောဂါကု ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ဓမ္မစက္က ဝပဝတ္တနကာရီ ကိုဗစ်-၁၉အထောက်အကူပြု အဖွဲ့နှင့် ဆေးရုံကြီး စီမံခန့်ခွဲရေးအဖွဲ့တို့ တွေ့ဆုံ၍ ကိုဗစ်လူနာများထားရှိမည့် အဆောင်များ၏ လိုအပ်ချက်များ လှူဒါန်းပေးနိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြရာ ရှေးဦးစွာ အလှူရှင်အဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ကိုဗစ်ကာလ အတွင်း သန်လျင်ဆေးရုံကြီး အပါအဝင် အသွားအလာ ကန့်သတ်နေရာများ၊ အခြေခံပြည်သူများအတွက် ကျပ်သိန်း(၈၀၀)ကျော်ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း ကိုဗစ်−၁၉ အတည်ပြုပိုးတွေ့လူနာများထားရှိရာ အဆောင်များတွင် လိုအပ် လျက်ရှိသော သန့်စင်ခန်း၊ ရေချိုးခန်းအပါအဝင် ဆက်စပ်လုပ်ငန်းများအတွက် ချက်ချင်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဖြင့်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ဆေးရုံကြီး၏ ချက်ချင်းလိုအပ်ချက်များ၊ ကုသရေးလုပ်ငန်းများ ဆွေးနွေးတင်ပြရာ တက်ရောက်လာကြသော အထူးကု ဆရာဝန်ကြီး များက ဖြည့်ဆည်းပေးရန်လိုအပ်ချက်များဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်လူနာများ ထားရှိရန်လိုအပ်သော အဆောင်များ ပြင်ဆင်ရာတွင် လိုအပ်ချက်များအား ဓမ္မစက ပဝတ္တန ကာရီကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ကျပ်သိန်း(၈၀)ကျော် အကုန်အကျခံကာ အမြန်လှူဒါန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)