ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့် ပြည်သူများအတွက် ရေဘေးကယ်ဆယ် ရေးစခန်း (၃)ခုဖွင့်လှစ်

ကျိုက်ထို ဩဂုတ် ၂

ကျိုက်ထိုမြို့နယ်အတွင်းမိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိရပ်ကွက်အချို့၌ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ဩဂုတ်(၂)ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု ဖွင့်လှစ်ခဲ့ရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုတွင် ဇေယျာမွန်ရပ်ကွက်(အထက-ဇေယျာမွန်) ကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု(၈၅)စု၊ လူဦးရေ ကျား (၁၇၄)ဦး၊ မ(၁၇၇)ဦး၊စုစုပေါင်း(၃၅၁)ဦး၊‌ ကော့စံနိုင်ရပ်ကွက်တောရဘုန်းကြီးကျောင်း၌ အိမ်ထောင်စု(၁၁၀)စု၊ လူဦးရေ ကျား (၁၉၃)ဦး၊ မ(၂၂၆)ဦး စုစုပေါင်း(၄၁၉)ဦး၊

မြောက်ပိုင်းရပ်ကွက် သာသနာ့ပါလဘုန်းကြီး ကျောင်း၌ အိမ်ထောင်စု(၂၈)စု လူဦးရေ ကျား (၄၄)ဦး၊ မ( ၄၁)ဦး စုစုပေါင်း(၈၅)ဦး ဖြစ်ပြီး မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရေဘေးသင့် ကယ်ဆယ်ရေးစခန်း (၃)ခု တို့တွင် လာရောက်နေထိုင်သည့် အိမ်ထောင်စု  (၂၂၃)စု၊ လူဦးရေ ကျား (၄၁၁)ဦး၊ မ (၄၄၄)ဦး၊ စုစုပေါင်း (၈၅၅)ဦးတို့မှ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် အိမ်‌ထောင်စုများ၏ နေထိုင်စားသောက်ရေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် အလှူရှင်များမှ လှူဒါန်းပြီးသက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကျန်းမာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)