မချမ်းဘော ဇူလိုင် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ခရီးစဥ်လမ်းညွှန်ချက်ဖြင့် ကျေးလက်နေဒေသခံ ပြည်သူများ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သဘာဝငါးသယံဇာတကို အပြည့်အဝအသုံးချတတ်လာစေရန်၊ ကျေးလက်နေမိသားစု တစ်စုချင်းစီ၏ ငါးစားသုံးမှု ပိုမိုမြင့်တက်လာစေရန်၊ တိုင်းရင်းငါးမျိုးများ မျိုးသုဥ်းပျက်စီးမှုမှ ထိန်းသိမ်းကာကွယ်ရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ငါးမွေးမြူရေးဆင့်ပွား သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ဖွင့်လှစ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ငါးမွေးမြူရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းနည်းပြများအဖြစ် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ သင်တန်းစရိတ်ထောက်ပံ့မှုဖြင့် ဝိုင်းမော် ငါးလုပ်ငန်း စခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်နည်းသင်တန်း တက်ရောက်ခဲ့သူ ဒေသခံငါးမွေးတောင်သူ (၁၀)ဦးတို့က ငါးစနစ် တကျမွေးမြူရန် ငါးကန်ပြုလုပ်နည်းများ၊ ငါးသားဖောက်နည်းများ၊ ငါးလုပ်ငန်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းဥပဒေများ၊ ငါးရောင်းဝယ်ရေးဆိုင်ရာ များနှင့် ငါးမျိုးစိတ်များအကြောင်းကို စနစ်တကျသင်ကြားပို့ချပေးခဲ့ပြီး ဆင့်ပွားသင်တန်းကို ငါးလုပ်ငန်းစိတ်ပါဝင်စားသူ ဒေသခံတောင်သူ (၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်တွင် အဆိုပါ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာပြီး ငါးသယံဇာတများ ပိုမိုတိုးပွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)