လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

လမ်းမတော် ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စွမ်းအားခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေနဲ့တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဥ်ပြိုင်မှုမှတစ်ဆင့် မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာ၊ ဗဟုသုတတွေကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာစေရန်၊ အနာဂတ်နိုင်ငံတာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်တွေပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို စတင်ခဲ့ရာ လမ်းမတော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က မူးယစ်ရန်စွယ်တို့ ကာကွယ်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ချစ်မြတ်နိုးစရာမြန်မာ့အနုပညာ၊ စာပေချစ်မှလူမျိုးတင့်မည်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အားကစားဖြင့်နိုင်ငံဂုဏ်ရည်မြှင့်တင်စို့ ခေါင်းစဉ်(၆)ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး‌ဒေါ်စန္ဒာမိုး၊ အထက်တန်းပြဆရာမဒေါ်သိင်္ဂီမောင်နှင့် Book Club အဖွဲ့ဝင် စာရေးဆရာဦးမြင့်နိုင်တို့က ဆုရွေးချယ်ရေးဒိုင်အဖြစ်ဆောင်ရွက်ခဲ့သည်။

ထို့နောက်ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အ-ထ-က(၁)လမ်းမတော် ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးချိုမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့်သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

စန္ဒာမိုး