မန့်ဟီးရိုး ဩဂုတ် ၂
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း ဒေသစိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးသော နာနတ်သီးများသည် ယခု ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် မှည့်ဝင်းရာသီသို့ ရောက်ရှိပြီဖြစ်၍ နာနတ်သီး အဓိကစိုက်ပျိုးထွက်ရှိသော သီပေါမြို့နှင့်ကျောက်မဲမြို့တို့မှ ဒေသထွက် နာနတ်သီးများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ် အစွန်အဖျားမြို့လေးဖြစ်သော မန့်ဟီးရိုးမြို့တွင် သီးလုံးကြီးကာ အရသာရှိသောကြောင့် မြို့၏ငါးရက်တစ်ဈေးနှင့် မြို့အဝင် စက်လှေဂိတ်တို့တွင် တနိုင်တပိုင်ကားများဖြင့် လာရောက် ရောင်းချလျက်ရှိရာ ဈေးကောင်းရရောင်း အားကောင်းနေကြောင်း သိရသည်။
နာနတ်သီးကို မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင်လည်း စိုက်ပျိုးရှင်သန်နိုင်ပြီး ရှမ်းပြည်နယ်ထွက် နာနတ်သီးများသည် ရာသီဉတုသင့်တင့်မျှတ၍ အလုံးကြီး အလုံးလှများ ထွက်ရှိကာ အရသာသည်လည်း ပိုချိုသောကြောင့် နာနတ်သီးဈေးကွက်တွင် ရောင်းအားကောင်း ရောင်းတန်းပိုဝင်ကြောင်း တွေ့ရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ သီပေါနှင့် ကျောက်မဲမြို့တို့တွင် နာနတ်သီးကို ဒေသစိုက်ပျိုးသီးနှံအဖြစ် အဓိကထားစိုက်ပျိုးလျက်ရှိပြီး တနိုင်တပိုင်အဆင့်ထက် လက်လီလက်ကား တခြားသော မြို့နယ်များသို့ တင်ပို့ရောင်းချရန်အထိ စိုက်ပျိုးလျက်ရှိကာ မြန်မာပြည်အလယ်ပိုင်း၊ အောက်ပိုင်းနှင့် ရှမ်းပြည်နယ်အတွင်း လားရှိုးမြို့၊ မူဆယ်မြို့၊ ချင်းရွှေဟော်မြို့၊ ဟိုပန်မြို့၊ လောက်ကိုင်မြို့နှင့် မြန်မာ-တရုတ် နယ်စပ်အစွန်အဖျားမြို့လေးဖြစ်သော မန့်ဟီးရိုးမြို့အထိ တနိုင်တပိုင်ကားများဖြင့်လည်း သွားရောက်ရောင်း ချလျက်ရှိကြောင်း သိရသည်။
“အခုလို တနိုင်တပိုင်ကားနဲ့လည်း တခြားမြို့နယ်ဈေးတွေ လိုက်ရောင်းတယ်။ ဒီနှစ်ရာသီဉတုလည်းကောင်းတော့ သီးလုံးလည်းကြီးတယ်။ အလုံးအရွယ်အစား အကြီးအသေးအလိုက် နာနတ်သီးတစ်လုံးကို မြန်မာကျပ်ငွေ (၁၀၀၀) ကျပ်၊ (၁၅၀၀) ကျပ်နဲ့ (၂၀၀၀)ကျပ်အထိ အစားစားရောင်းတယ်။ ဈေးဝယ်တွေကိုက သီပေါတို့ ကျောက်မဲတို့ဖက်လာတဲ့ နာနတ်သီးဆို ပိုချိုလို့တဲ့ အရမ်းရောင်းရတယ်။ မူဆယ်ဈေး၊ စယ်လန့်ဈေးနဲ့ မန့်ဟီးရိုးမြို့ ငါးရက်တစ်ဈေးအထိ လာရောင်းပါတယ်”လို့ ကျောက်မဲမြို့မှ နာနတ်သီးကို ကားဖြင့်လာရောက် ရောင်းချသူ ဒေသခံတိုင်းရင်းသား တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မန့်ဟီးရိုး(ပြန်/ဆက်)