မြေပုံမြို့၌ ပဥ္စမအကြိမ်မြောက် ဓမ္မစကြာ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ

မြေပုံ ဩဂုတ် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ဓမ္မစကြာ ဝတ်ရွတ်အသင်းအဖွဲ့များ စုံညီစွာဖြင့် စုပေါင်းဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညနေ (၆) နာရီ အချိန် က သာသနာ့ဗိမာန် မြို့မဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဓမ္မစကြာ ဝတ်ရွတ်အသင်းအဖွဲ့များ စုပေါင်းဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးခိုင်လင်းနိုင် ဦးဆောင်မှုဖြင့် သာသနာ့ဗိမာန် မြို့မဓမ္မာရုံ ဂေါပကအဖွဲ့ဝင်များနှင့် မြို့မိ/ မြို့ဖများ ပူးပေါင်းကျင်းပသော ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဖတ်ပူဇော် ကန်တော့ပြီး ဖွင့်လှစ်၍ ဆရာတော်ဦးပညာဘောဂထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်ရွတ်အဖွဲ့မှ ဘုရားပင့်ဂါထာတော်ကို ရွတ်ဖတ်ကန်တော့ပြီး မြို့မကုသိနာရုံစာသင်တိုက် ဝတ်ရွတ်အဖွဲ့မှ နတ်ပင့်ဂါထာတော်ကို ရွတ်ဖတ် သည်။ ဓမ္မစကြာအဖွင့် ဂါထာတော်ကို ဝိစိတာရာမ သဲတန်းကျောင်းသစ် ဝတ်ရွတ်အဖွဲ့မှ  ရွတ်ဖတ် ပူဇော်သည်။ ဆက်လက်၍ ပညာဗိမာန် ရိပ်သာကျောင်းတိုက် ဝတ်ရွတ်အဖွဲ့မှ ဓမ္မစကြာအဖွင့် ဂါထာ တော်ကို ရွတ်ဖတ်ပူဇော်ကာ ဝတ်ရွတ်အသင်းများက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ပြီး သီရိမင်္ဂလာတောင်ကျောင်း ဝတ်ရွတ်အဖွဲ့မှ နတ်ပို့ဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် ဓမ္မစကြာ ဝတ်ရွတ်အသင်းများက မေတ္တာပို့ဂါထာတော်များ ရွတ်ဖတ်ပူဇော်သည်။

မြေပုံမြို့၌ ဓမ္မစကြာ ဝတ်ရွတ်အသင်းအဖွဲ့များက ဝါတွင်းကာလ ဥပုဒ်နေ့တိုင်း ဓမ္မစကြာ ဒေသနာ တော်ကို (၁၃) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သသာနာ့ဗိမာန် မြို့မဓမ္မရုံ ဂေါပက ဥက္ကဋ္ဌထံမှ သိရှိရသည်။

တင်ဝင်း