ဆဒုံး သြဂုတ် ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကာ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက ဆဒုံးမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ထေရဝါဒတောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်၊၊
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ် သတ်များမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆဒုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဂွမ်ဂျာနော်၊ အမှတ် (၂) နည်းဗျူဟာ စစ်ဆင်ရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီးနေလင်းအောင်၊ နယ်မြေရဲစခန်းမှူးရဲအုပ်ကျော်မိုးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊၊
ထို့နောက် ဆဒုံးမြို့၊ ထေရဝါဒတောင်တန်းသာသနာပြုကျောင်းဆရာတော်မှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့သည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးပြီး ကြွရောက် လာကြသော တရားနာဧည့်ပရိတ်သတ်များကို ဘောဇဥ်အာဟာရများဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်၊၊
ခင်မာဝင်း(ဆဒုံး)