ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းကျန်းမာရေး လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ဆိပ်ကြီးခနောင်တို ဩဂုတ် ၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း နှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်း မူလတန်းကျောင်းခွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်း၊ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်တို့ ဦးဆောင်၍သူနာပြု ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲရှိကျောင်းသား၊ ကျောင်းသူ‌ကလေးများအား ကျန်းမာရေးအခြေခံစနစ်တကျ လက်ဆေးနည်း လက်တွေ့ပြသပေးခြင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေး ဟောပြောခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းသားတစ်ဦးချင်းစီအလိုက် တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးကုသပေးခြင်းအပြင် သန်ချဆေးများတိုက်ကျွေးပေးသည်။

တစ်ဆက်တည်းမှာပင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်အကြိမ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များလည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)