ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်၍ တာမိုးညဲမြို့တွင် လစဉ်အပတ်စဉ် ဆွမ်းဆန်လောင်းလှူပွဲ စဉ်ဆက်မပျက်ကျင်းပ

တာမိုးညဲ သြဂုတ် ၂

ဝါတွင်းကာလသို့ရောက်ရှိပြီဖြစ်၍ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ အသံမစဲပဌာန်းရွက် ဖတ်ပူဇော်ပွဲများ၊ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲများနှင့် လစဉ်အပတ်စဉ် လပြည့်၊ လကွယ်နေ့တိုင်း အမြို့မြို့အနယ်နယ်တွင် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲများကို ကျင်းပဆောင်ရွက် လျက်ရှိကြရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံစေတနာ့ရှင် အလှူရှင်များ စုပေါင်း၍ ယမန်နေ့  ညနေ(၃:၃၀)အချိန်က ဆွမ်းဆန်လောင်းလှူပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆွမ်းဆန်လောင်းလှူရာတွင် တာမိုးညဲမြို့၊ ဝေယံဘုံသာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့် မြို့အတွင်းရှိ ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်၍ တာမိုးညဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား စေတနာ့ရှင်အလှူများက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

တာမိုးညဲ(ပြန်/ဆက်)