မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံစုံ ၅၅၆၅၆ ဧက စိုက်ပျိုးထုတ်လုပ်မည်

မိုင်းရယ် ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် မိုးစပါးနှင့်အခြားသီးနှံစုံ ၅၅၆၅၆ ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးရာသီ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးမည့်ဧကများမှာ မိုးစပါး(လယ်စပါး) ၁၇၉၈၅ ဧက၊ ယာစပါး၊ တောင်ယာစပါးနှင့်ယာသီးနှံစုံ ၃၇၆၇၁ ဧကဖြစ်ပြီး မိုးစပါးကို ၁၇၂၉၀ ဧက စိုက်ပျိုးပြီးဖြစ်ရာ ဩဂုတ် ၁၅ ရက်တွင် အပြီးစိုက်ပျိုးသွားမည်ဖြစ်သည်။ ထို့ပြင် မိုင်းရယ်မြို့နယ်တွင် ဒုတိယအများဆုံးစိုက်သည့် အစေ့ထုတ်ပြောင်းကို  ၁၇၅၄၀ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားပြီး စုစုပေါင်း ၁၆၄၃၀ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မိုင်းရယ်မြို့နယ်တွင် တတိယအများဆုံးစိုက်ပျိုးသည့် ကြံကို ယခုနှစ်တွင် ၇၉၉၁ ဧကစိုက်ပျိုး ထုတ်လုပ်ရန်လျာထားပြီး ၁၁၀၃၃ ဧက စိုက်ပျိုးခဲ့ရာ ၃၀၄၂ ဧက တိုး၍ စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။

အခြားသီးနှံပင်များကို ၁၂၁၄၀ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းရယ်(ပြန်/ဆက်)