မိုးကုတ် အောက်တိုဘာ ၁၄
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ပရဟိတ မိဘမဲ့ကလေးဂေဟာများတွင် အာဟာရ 'နို့' တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက "တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ၁၀ နှစ် အောက် ကလေးငယ်များ အာဟာရပြည့်ဝစေရန် 'နို့' တိုက်ကျွေးခြင်းဖြစ်ကြောင်း၊ အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် အပတ်စဉ်တိုက်ကျွေးသွားမည်ဖြစ်ပြီး ငါးနှစ်စီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပူးပေါင်းအဖွဲ့များ ဖြစ်ကြသော ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီ အသင်းအဖွဲ့များမှ ၁၀ နှစ်အောက် ကလေးငယ်များအား အာဟာရ 'နို့ဘူး' များ ဝေငှပေးခဲ့ကြသည်။
မိုးကုတ်မြို့ ရေပူရပ်ရှိ ရတနာသိဒ္ဒိ ဂေဟာနှင့် ဘုရားသုံးဆူရပ်ရှိ မေတ္တာရင်ခွင် ဂေဟာများမှ ၁၀ နှစ်အောက်ကလေး (၆၀) ခန့်အား အာဟာရ 'နို့' တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)