နမ္မတူ ဩဂုတ် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားအား ရှေ့ဦးစွာ သံဃာတော်အရှင်သူမြတ်များက ဦးဆောင်၍ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တရားနာလာရောက်ကြသော ဧည်ပရိတ်သတ်အပေါင်းမှ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှိခိုးကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး ပင်သံဃာတော်အရှင်သူမြတ် အပါး(၃၀)ပါး၊ သာသနာ့နွယ်ဝင် သီလရှင်(၅)ပါး စုစုပေါင်း (၃၅)ပါးတို့အား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုနှင့် နေ့ဆွမ်း၊ ဘောဇဉ်၊ ခဲဖွယ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်တို့ထံမှ ဝါဆိုတရားတော်နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ပိတ်သိမ်းခဲ့ပြီး အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ်(၁)စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စိုးမင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)