တွံတေး သြဂုတ် ၂
ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသဓာတု ရွှေဆံတော် စေတော်မြတ်ကြီးတွင် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော် ဂေါပကအဖွဲ့ကကျင်းပသော ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်၌ အထူးတရားပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ရွှေဆံတော်စေတီမြောက်ဘက်စောင်းတန်းဘေးရှိ ဒေါ်ပု(ရွှေဆိုင်)+ချစ်တီး( ရွှေဆိုင်) တန်ဆောင်း၌ ဌာနဆိုင်ရာဝတ်အသင်းများနှင့် ရပ်ကွက်ဝတ်အသင်းများက ဓမ္မစကြာ ဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြကြောင်းသိရသည်။ နေ့လည်၁နာရီတွင် မြို့နယ် သံဃနာယကအဖွဲ့ နာယကရွှေဆံတော်စေတီ သြဝါဒစရိယ၊ ညောင်တံခါးကျောင်းတိုက်၏ ဦးစီးနာယက ပဓာန ဘဒ္ဒန္တ သုမနဘိဝံသ ဆရာတော်က ဝါဆိုလပြည့်နေ့တွင် တရားဒေသနာ တော်များဟောကြားမည်ဖြစ်သည်။
ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ၈ ရက်ဥပုဒ် လပြည့်၊ လကွယ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေဆံတော်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများ စီစဉ်ထားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌထံမှသိရှိရသည်။
ယနေ့သည် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သည့် အားလျော်စွာ ရွှေဆံတော်စေတီမြတ်နှင့် အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ် စေတီ၊ ကျိုက်ဖူးကျိုက်ပါစေတီတို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
တွံတေးသား