နောင်ချို ဩဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မှ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်သည့် အကြောင်းရင်းနှင့် ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဆန်းဝင်းမှ မိုးစပါးမျိုးစေ့ထုတ် (၅)ဧက စိုက်ပျိုးသည့် တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူ ဦးမြင့်လွင်ဦမှ လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မှ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် စံပြကွက်စိုက်ပျိုးသည့်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးရာ တောင်သူ ဦးထွန်းမှ လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
အဆိုပါ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓာတ်မြေဩဇာများကို အုမ္မခါး၊ အထက်ကြူအင်း၊ သုံးဆယ်ကျေးရွာအုပ်စုများသို့ စုစုပေါင်း ဓါတ်မြေဩဇာ ၁၅၅အိတ် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)