လားရှိုးမြို့အဝင် ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်ဘုရားပရဝုဏ်အတွင်း   မိုးရာသီ စုပေါင်းသစ်ပင်စိုက်

လားရှိုး ဩဂုတ် ၂  

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန်နှင့်ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော် ဘုရားဝန်းအတွင်းတွင် ယနေ့ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးခြင်းကို လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော် ဂေါပကများ၊ စေတနာရှင်အလှူရှင်များ၊ လုပ်အားဒါနပြုသူများဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

“လားရှိုးမြို့ရဲ့ ကျက်သရေဆောင် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ကြီးရဲ့ ဘုရားပရဝုဏ်အတွင်းမှာ ဘုရားဖူးပြည်သူတွေ အေးချမ်းစွာဘုရားဖူးနိုင်အောင်၊ နားရိပ်ခိုနိုင်အောင် အရိပ်ရအပင်တွေ အများအပြားစိုက်ပျိုးပါတယ်။ နောင်လာနောက်သားတွေ အေးချမ်းပျော်ရွှင်စွာနဲ့  အေးရိပ်ခိုနားပြီး ဘုရား လာဖူးနိုင်အောင် စိုက်ပျိုးကြပါတယ်။” ဟု ဂေါပကအဖွဲ့ဝင် ဦးကျော် ကပြောသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ကံ့ကော်၊ဂျပန်ချယ်ရီ၊တော်ဝင်အုန်းပင်နှင့် အခြားအရိပ်ရ အပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

စိုင်းထွန်း (လားရှိုး)