ရန်ကုန် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်ရင်ပြင်ပေါ်၌ ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မိခင်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးသမားတော်များ စုပေါင်း၍ ဆေးဝါးလှူရ-မြတ်ဒါန အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပြီးလှူဒါန်းမည့် ဆေးဝါးများအား ဂေါပကအဖွဲ့သို့ ပေးအပ်ရာ ဂေါပကအဖွဲ့မှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်အလှည့်ကျ သဘာပတိ ဦးအောင်ကိုဇော်က တိုင်းရင်းဆေးကုသလှူဒါန်းရသော အကျိုးကျေးဇူးအကြောင်းများကို အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးသမားတော်ကြီး ဦးမြင့်သောင်း(ဒုတိယဥက္ကဋ္ဌ) မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းက မိခင်ဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေး သမားတော်များ ဆေးဝါးကုသလှူဒါန်းနိုင်စေရန် အဖက်ဖက်မှ လိုလေသေးမရှိ စီစဉ်ပေး၍ အနီးကပ်ကြီးကြပ်ပြီးဘုရားရင်ပြင်တော်၌ ခွင့်ပြုပေးပါသော ဂေါပကအဖွဲ့နှင့် ဘုရားကြီး၏ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက်ဂေါပကအဖွဲ့၏ခွင့်ပြုချက်ဖြင့် တိုင်းရင်းဆေးဝါးများ စတင်ကုသလှူဒါန်းခဲ့ရာ ဆေးဝါးကုသလှူဒါန်းခြင်းအား နံနက် ၁၁ နာရီမှ နေ့လည် ၃ နာရီအထိ ကုသ လှူဒါန်းပေးပြီး ရရှိလာသော အလှူငွေများကို ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)