သထုံ ဩဂုတ် ၂
မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်စပ်ခြား ဘီးလင်းမြစ်ရေ မြင့်တက်လာရာ ယမန်နေ့ ညနေပိုင်းမှစတင်ကာ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ မြစ်ကမ်းအနီး အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြစ်ရေသည် ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၀၂၂ စင်တီမီတာအထက်ကျော်လွန်ပြီး ၁၀၄၇ စင်တီမီတာသို့ ရောက်ရှိလာရာ မြစ်ကမ်းအနီး ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေများဝင်ရောက် လာသောကြောင့် ဒေသခံပြည်သူများအား တာဝန်ရှိသူများနှင့် ဒုံဝန်းကျေးရွာ အခြေစိုက် လူမှုကူညီရေးပရဟိတ အကျိုးဆောင်များမှ ရေဘေးကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ကြိုတင်စီမံဆောင်ရွက်ထားခြင်းနှင့် မြစ်ရေတက်မှုအနေအထားကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာအနိမ့်ပိုင်း နေအိမ်ခြံဝင်းများ၊ လမ်းများ၌ ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော်လည်း လူ၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှုနှင့် နေအိမ်များပြောင်းရွှေ့ရခြင်းတို့ မရှိသေးကြောင်း ဒေသတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နှောင်ကြိုးမဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူများ ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်