ပျဉ်းမနား ဩဂုတ် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အန္တရာယ်အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း မော်တော်ဆိုင်ကယ် မောင်းနှင်လာသူနှင့် လိုက်ပါစီးနှင်းလာသူများအား ဆိုင်ကယ်ဦးထုပ်အား စနစ်တကျအသုံးပြုခြင်း ရှိ/မရှိ၊ မော်တော်ဆိုင်ကယ်တွင် ဘက်မှန်၊ အချက်ပြမီးနှင့် နံပတ်ပြားများ ပါ/မပါ စစ်ဆေးပြီး ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိသည့် ယာဉ်မောင်းများအား တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ကြကြောင်းနှင့် အသိပညာပေးကာလကုန်ဆုံးပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု မရှိသူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)