နောင်ချိုမြို့နယ် မြို့ဦးကျောင်းတိုက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

နောင်ချို ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့ဦးကျောင်းတိုက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂:၀၀နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်ပွဲအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ် များက မြို့ဦးကျောင်းဆရာတော်ထံမှ သရဏဂုဏ် ၈ ပါးသီလ ဆောက်တည်ခဲ့ကြကာ သံဃာတော် အရှင်သူမြတ်တို့ထံမှ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် စိန်ရတနာကျောင်းတိုက်မှ ဆရာတော် ဦးအဝေရာနန္ဒက နတ်ပို့ဂါထာရွတ်ဆိုပူဇော်ကာ အနုမောဒနာ ဝမ်းမြောက်ကြောင်း ဂါထာကို ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် မြို့ဦးကျောင်းတိုက်၌ အသံမစဲ မဟာမဋ္ဌာန်းပွဲကို  ဇူလိုင်လ ၃၀ရက်နေ့မှ ဩဂုတ်လ ၁ရက်အထိ ၃ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ပြီး အောင်ပွဲအခမ်းအနား၌ မြို့နယ်အတွင်းရှိ ပင့်သံဃာ ၃၃ ပါးအား   နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချ  အမျှ ပေးဝေခဲ့သည်။ ၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)