ပုဇွန်တောင် ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၅ ခုနှစ်၊ ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဝါဆိုလပြည့်အဖိတ်နေ့တွင် မြို့နယ်အတွင်းရှိ ဝတ်အသင်းများမှ ဝတ်အသင်း(၇)ဖွဲ့တို့မှ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ဓမ္မစကြာတရား ဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)နံနက်တွင် စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်း ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီတွင် သီလပေးတရားပွဲ၊ နေ့လယ် ၁ နာရီတွင် နေ့တရားပွဲနှင့် နေ့လယ် ၃ နာရီတွင် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး သီရိမင်္ဂလာ ကျောင်းဆရာတော် ဦးဉာဏိဿရထံမှ သီလခံယူကာ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပက ဉက္ကဋ္ဌ ဦးတင်နွယ်ထွန်းမှ ယနေ့ပြုခဲ့သော ကုသိုလ်တော်များအား လျှောက်ထားတင်ပြခဲ့ပြီးနောက် ကြွရောက်လာကြသော ဩဝါဒစရိယဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်(၃၉)ပါးတို့အား ရွှေဘုန်းပွင့်ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့နှင့်အလှူရှင်များက ဝါဆိုသင်္ဃန်းကပ်လှူ ပူဇော်ခဲ့ကြသည်။ ထို့နောက် ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချအမျှဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(သုံးကြိမ်) ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်