ပျော်ဘွယ် ဩဂုတ် ၂
ပျော်ဘွယ်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော တောင်သူများသည် ဒေသတွင်း နွားစာများကို စိုက်ပျိုးလျက်ရှိရာမှ တန်ဖိုးမြင့် အာဟာရ မြက်မျိုးဖြစ်သည့် နေဗီယာမွန်ဘားစားကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။
တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးမြတ်စံက “ကျွန်တော်တို့အနေနဲ့ ယခင်က နွား (၁၀) ကောင် ခန့်အထိ မွေးမြူခဲ့ပါတယ်၊ ရာသီဥတုအခြေအနေကြောင့် လွန်ခဲ့တဲ့အချို့နှစ်တွေမှာ နွားတွေအတွက် အစာရှားပါးမှု ကြုံတွေ့ခဲ့ရတာကြောင့် အနီးဝန်းကျင်မြို့များအထိ သွားရောက် ဝယ်ယူခဲ့ရတာတွေရှိပါတယ်။ ဒီနှစ်မှာတော့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ဆက်သွယ်ပြီး အစာပေါများတဲ့ အမျိုးအစား စိုက်ပျိုးနိုင်ဖို့အတွက် သွားရောက်စုံစမ်းမေးမြန်းခဲ့ပါတယ်။ ဤဦးစီးဌာနက တန်ဖိုးမြင့်အာဟာရမြက်မျိုးဖြစ်တဲ့ နေဗီယာမွန်ဘားစားမျိုးနဲ့ စိုက်ပျိုးပုံနည်းလမ်းတွေကို အကြံဉာဏ် ပေးခဲ့တာကြောင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်။ ယခု အခါမှာတော့ (၂) ဧကခန့် စိုက်ပျိုးထားပြီး နွားကောင်ရေ (၅၀) ခန့်ကို နှစ်ပတ်လည် ဖူလုံစွာကျွေးလာနိုင်ပါတယ်”ဟု ရှင်းပြသည်။
နေဗီယာမွန်ဘားစား မြက်မျိုးသည် ဒေသတွင်းရှိအစာများထက် ပိုမိုကောင်းမွန်သည့် အာဟာရဓာတ်များ ပါဝင်ကြောင်း၊ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်သည့်မျိုးဖြစ်ခြင်းကြောင့် နွားစာအတွက် အစာရှားပါးမှုကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ နှစ်ရှည်ပင်ဖြစ်သည့်အတွက် နွားမွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် စိုက်ပျိုးသင့်သော မြက်မျိုးဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး