ကျောက်ဆည်မြို့နယ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေး

ကျောက်ဆည် အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေး ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျောက်ဆည်မြို့ ပြည်ပန်းကျေးရွာအနီး မြို့ရှောင်လမ်းထိပ် စစ်ဆေးရေးဂိတ်တွင် Test Kit  ဖြင့်   ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ယမန်နေ့ညနေ ၄ နာရီအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ ကျောက်ဆည်မြို့သို့ဖြတ်သန်းကာ အခြားဒေသများသို့ သွားရောက်မည့် ကုန်တင်ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိ Test Kit  ဖြင့်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့သို့ ဖြတ်သန်းသွားလာသည့်ကား (၃၅၉) စီးနှင့် လူဦးရေ (၅၄၃) ဦးကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိကြောင်း ကျန်းမာရေး ထောက်ခံချက်ပါရှိသည့် ကား(၃၂၃)စီး၊ လူဦးရေ(၄၈၄)ဦးတို့အား ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး၊ ကျန်းမာရေးထောက်ခံစာ မပါရှိသော ကား (၃၆) စီးမှ လူဦးရေ (၅၉) ဦးအား Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသောကြောင့် ကျန်းမာရေး ထောက်ခံစာများ ပြုလုပ် ပေးခဲ့ပြီး သွားရောက်မည့် ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

သက်မောင်(ခရိုင်ပြန်/ဆက်)