ကွတ်ခိုင် ဩဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ(၁)ရက်နေ့၊ ဒုတိယဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့တွင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿဗုဒ္ဓဝန္ဒနာ” (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ နယ်စပ်တောင်တန်းသာသနာပြုဗဟိုဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားတော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များအား နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ နယ်စပ်တောင်တန်းသာသနာပြုဗဟို ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား “သြကာသ…”ကန်တော့ချိုးဖြင့် ထပ်မံကန်တော့ကြည်ညိုကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (ကွတ်ခိုင်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ခရိုင်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)