တန့်ယန်း သြဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဘုရားစေတီရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို တပ်မတော်သားများနှင့် မိသားစုများ၊ ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းကာ အောင်မင်္ဂလာကျောင်းတိုက်ကြီးအတွင်းရှိ ရွှေဟင်္သာစေတီတော်၊ နှစ်ကျိတ်ရှစ်ဆူ ရုပ်ပွားတော်များနှင့် ရှင်ဥပဂုတ္တကျောင်းဆောင်တို့အား ယနေ့နံနက် ၈ နာရီက စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး တင့်နိုင်ထွန်းနှင့် အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စုပေါင်းဆောင်ရွက်နေမှုတွင် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုများ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်က ဘူရားရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်း၊ စေတီတော်နှင့် ကျောင်းဆောင်များ အနီးတဝိုက်ရှိ ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)