ဆီဆိုင် ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက် အသက်(၅)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများ၌ ဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးစနစ်တကျထိုးနှံပေး၍ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
အဆိုပါ ဆေးထိုးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ တာဝန်ကျဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်စီစစ်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)