ကျောက်ဆည်မြို့နယ်တွင် မိုးစပါး(၁၀၉၀၇)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး မိုးစပါး (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၁၀၉၀၇) ဧက စိုက်ပျိုးပြီးကြောင်းနှင့် လျားထား မိုးစပါးဧကများ ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာမှ စပါးစိုက်ပျိုးရန်အတွက် ရေပေးဝေရေး မြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အနေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် မနောသုခ၊ ရွှေမနော်၊ ဧရာမင်း၊ ဆင်းသုခနှင့် GW-11 စပါးမျိုးများအဓိကထားပြီး ဒေသအလိုက် မိမိတို့စိုက်ပျိုးလိုသည့် နည်းစနစ်များဖြစ်သည့် ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း နည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မိုးစပါးစိုက်ခင်းများ အောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်များ မှန်ကန်စေရေး နည်းပညာများ စနစ်တကျကူညီပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီး ဌာနမှ စိုက်ပျိုးရေများပြည့်ဝစွာ အလှည်ကျစနစ်ဖြင့်ပေးဝေခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာမှ အချိန်သက်သာစေခြင်း၊ လုပ်သားရှားပါးမှုနှင့် လုပ်ငန်းများတွင်ကျယ်စေရေး စက်ကိရိယာများဖြင့် စပါးစိုက်တောင်သူများနှင့် ပူးပေါင်းကာ ကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်