မိုင်းရယ်မြို့တွင် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဘုရားစေတီများ ထုံးသင်္ကန်းကပ်လှူခြင်းနှင့် ဥပုသ်သီတင်းသီလဆောက်တည်ခြင်းများ စုပေါင်းဆောင်ရွက်

မိုင်းရယ် ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများစုပေါင်း၍ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ထုံးသင်္ကန်းကပ်လှူခြင်းနှင့် ဉပုသ်သီတင်း သီလဆောက်တည်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ အမှတ်(၃၅၀)အမြှောက်တပ်ရင်း၊ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးစိုးမင်းအောင်တို့၏ ဦးဆောင်မှုဖြင့် တပ်ရင်း/တပ်ဖွဲ့မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၁၀)ဦးခန့်ဖြင့် မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဘုရားစေတီများအား ထုံးသင်္ကန်းကပ်လှူခြင်း၊ ရေသပ္ပါယ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဆုတောင်းပြည့်မဟာဗောဓိရွှေစေတီ (မြို့လယ်ဘုရား)၌ ဌာနဆိုင်ရာအလှူရှင်များ၊ ရပ်မိရပ်ဖများစုပေါင်း၍ သံဃာတော်များ ပင့်ဖိတ်၍ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ လှူဖွယ်ဝတ္ထုနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် မိုင်းရယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေး နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်တင်ထွေးရီ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများဖြင့် ဓမ္မစင်္ကြာတရားတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

မိုင်းရယ်(ပြန်/ဆက်)