တာမိုးညဲ သြဂုတ် ၂
မြန်မာလူမျိုးတို့၏ အနှစ်သက်ဆုံးနှင့် အလှူမင်္ဂလာဧည့်ခံပွဲတိုင်းတွင် မရှိမဖြစ်၊ မပါမဖြစ် အစားအစာဖြစ်သော လက်ဖက်ပင်များကို အဓိကထား စိုက်ပျိုးပြီး ဧကအများအပြား စိုက်ပျိုးထားကာ တောင်ပေါ်ဒေသဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ဒေသထွက်လက်ဖက်ညွန့်များ လှိုင်လှိုင်ထွက်ရှိပြီဖြစ်၍ စတင်ခူးဆွတ်နေပြီဖြစ်ပါသည်။
တာမိုးညဲမြို့သည် လက်ဖက်ကို အဓိထားစိုက်ပျိုးသော တောင်ပေါ်မြို့လေးဖြစ်ပြီး ဒေသစပါးနှင့် ကြံတို့ကို စိုက်ပျိုးလျက်ရှိကာ ရပ်ကွက်(၈)ရက်ကွက်လုံး လက်ဖက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းကြကြောင်း သိရသည်။ လက်ဖက်ပင်သည် တစ်နှစ်လျှင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများမှလွဲ၍ ကျန် (၁၀)လတွင် ခူးဆွတ်နိုင်ပြီး နွေရာသီအကုန် မတ်လဆန်းပိုင်း၌ ထွက်ရှိသော လက်ဖက်သည် မိုးလွတ်သောကြောင့် လက်ဖက်ခြောက် ပြုလုပ်ရောင်းချကာ ဈေးကောင်းရလျက်ရှိကာ မိုးရာသီဖြစ်သော မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် မိုးကြောင့် လက်ဖက်အထွက်နှုန်းလည်း သိသိသာသာ တိုးလာလျက် မိုးထိလက်ဖက်ဖြစ်သောကြောင့် လက်ဖက်ခြောက် ပြုလုပ်၍မကောင်းသော်လည်း လက်ဖက်စိုလုပ်ငန်းအတွက် သိုလှောင်ထားကြပြီး လက်ဖက်စိုဈေးဖြင့် တစ်နှစ်ပတ်လုံးရောင်းချရကြောင်း သိရသည်။
တာမိုးညဲမြို့တွင် လက်ဖက်အစို တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၂၀၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိ ရရှိပြီး မိုးလွတ်လက်ဖက်ခြောက်အသန့် တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၁၂၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်အထိ ဈေးကောင်းရရှိလျက်ရှိသည်။ ထို့အပြင် တာမိုးညဲမြို့သည် ဘိုးဘွားအစဉ်အဆက် လက်ဖက်ကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သောကြောင့် အချို့လက်ဖက်ခင်းတို့သည် သက်တမ်းကြာမြင့်နေပြီဖြစ်လျက် ပင်စည်ပိုင်းကြီးမားကာ လက်ဖက်ညွန့်အထွက်နှုန်းလည်း အလွန်တိုးလာခဲ့ပြီး လက်ဖက်ခြောက်လုပ်ငန်းများနှင့် လက်ဖက်အစိုရောင်းဝယ်မှုတို့ကြောင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိရာ ယခုအခါတွင် အညာဒေသဖက်သို့ လက်ကားဈေးဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
တာမိုးညဲ(ပြန်/ဆက်)